International News

ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှု တိုးတက်လာသည်နှင့်အမျှ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၀၀,၀၀၀ တင်ပို့တော့မည်

Last Updated:

ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၀၀,၀၀၀ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း၊ ပါကစ္စတန်၊ ကုန်သွယ်ရေး ကော်ပိုရေးရှင်း (Trading Corporation Pakistan -TCP) က ဆန်တင်ပို့ရန် တင်ဒါခေါ်ယူခဲ့ပြီး၊ ယင်းသည် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခဲ့သော အကြီးမားဆုံး ဆန်တင်ပို့မှုဖြစ်လာမည်ဟု TCP မှ အရာရှိတစ်ဦးကဆိုသည်။ နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုကို ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်စတင်ခဲ့ရာ ပထမအသုတ်အဖြစ် ဆန်တန်ချိန် ၅၀,၀၀၀ ကို ပါကစ္စတန်က တင်ပို့ခဲ့ကြောင်း၊ outlookindia သတင်းဌာနက ဖော်ပြထားပါသည်။
ပါကစ္စတန် ထိပ်တန်းဆန်တင်ပို့သူတစ်ဦးက ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုအခြေအနေ ပိုမိုအားကောင်းလာခြင်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွင်း ပို့ကုန် ၂၈ % ကျဆင်းခဲ့သော ပါကစ္စတန် ဆန်လုပ်ငန်းကို မြှင့်တင်ပေးနိုင်ကြောင်း၊ ပို့ကုန်ကျဆင်းရခြင်းမှာ ယမန်နှစ်က အိန္ဒိယဆန်တင်ပို့မှု ပြန်လည်စတင်ခြင်း၊ အစိုးရ၏ ကုန်သွယ်မှုအတားအဆီးများ၊ ဘာစမာတီဆန် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်ကို ဖယ်ရှားခြင်း၊ အရည်အသွေးညံ့ဆန်ပို့ကုန်များကြောင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်မှစ၍ ပါကစ္စတန် ပို့ကုန်လုပ်ငန်းရှင်များသည် အိန္ဒိယနှင့် အောင်မြင်စွာယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်က ဘာစမာတီဆန်အပါအဝင် အိန္ဒိယကုန်ပစ္စည်းများအပေါ် ၅၀ % အခွန်စည်းကြပ်မှုက အမေရိကန်ဈေးကွက်၌ ပါကစ္စတန် ဆန်တင်ပို့မှု ပိုမိုတိုးမြှင့်ရန်အခွင့်အလမ်း ပေါ်ပေါက်လာကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရက နိုဝင်ဘာ ၂၈ ရက်နေ့ ပိတ်မည့်တင်ဒါတွင် ဆန်အရည်အသွေးနှင့် အနည်းဆုံးဈေးစသည့် သတ်မှတ်ချက်များအပြင် တင်ဒါအောင်မြင်၍ စာချုပ်ပြီးသည်နှင့် ၄၅ ရက်အတွင်း ဆန်တင်ပို့ရန် အသင့်ဖြစ်နေရမည်ဟု (TCP) ကုန်သွယ်ရေးကော်ပိုရေးရှင်းက ဖော်ပြထားသည်။
ရင်းမြစ်။ www.outlookindia.com
Source: https://commerce.gov.mm

Category: International News